Lyrics of Myanmar Old Songs

ရာသီတော်ဦး

(နန်းတော်ရှေ့ဆရာတင်-ရေးသည်)

သီဆိုသူ – မကြည်အောင်

တိမ်ပြာမိလ္လာရီ တပေါင်းလမီ၊ လေညှင်းသွေးလို့ မွှေးတော့သည်၊ အင်ကြင်းသရဖီ ပွင့်လန်းကာ စွဲလန်းကာရည် ပန်းရနံ့ချီ။

သံပြိုင်။ ။မြိုင်မဟီ၊ ရွက်သစ်ပြောင်းလို့ ရွက်ဟောင်းကြွေပြီ၊ ပျို့ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်၊ ဖူးစာတော်ရေးလို့စီ၊ ပြောလိုက်ပါ့ သော်တာယုံစန္ဒီ၊ မှာလိုက်ပါရစီ၊ နွေဦးပြောင်းလို့ အောက်မေ့သည်၊ ပျိုချစ်သူဆီ၊ နေ့တိုင်းပင် စွဲလန်းပါသည်၊ ပန်းရနံ့ကြည်(ကာရည်၊ လွမ်းမိသည်)။

အာကာယံထဲမှာ နွှဲကာပျံဝဲကြသည်၊ ကျေးဖိုမစီ၊ မိုးတိမ်ဦးမှာ ပျော်မြူးကာ ဖူးစာဖက်သည်၊ တမ်းတကာ ရည်မှန်းလို့ လွမ်းသည်၊ တူနှစ်ကိုယ်ကြင်မည်၊ တပေါင်းလဆန်းမီ။

သံပြိုင်။ ။မြိုင်မဟီ…လွမ်းမိသည်။

ချိန်ခါမီပေါင်းမည်၊ မိန်ရာသီပြောင်းပြီ၊ ချိန်ကာမီ ပေါင်းမည်၊ မျှော်တာကြာပြီ၊ စင်ရော်သူဝဲ၊ နွှဲပြန်သည်၊ သောင်ယံကမ်းမြင့်နဒီ၊ မောင်မယ်ကြည်နူး မြူးပျော်သည်၊ ထူးမြတ်တဲ့ခါမီ၊ ရာသီတော်ပွဲ သဲစေတီ၊ စဉ်လာ ရှေးထုံးအညီ၊ ကြည်လင်ရွှင်လန်း၊ ပန်းဝေရီ ဘေးမသန်း အေးချမ်းသည်။

အာကာယံထဲ…တပေါင်းလဆန်းမီ။

သံပြိုင်။ ။မြိုင်မဟီ….လွမ်းမိသည်။

ကျမ်းညွှန်း။ ။သန်းလှိုင်(စုဆောင်းစီစဉ်သည်)၊ ခေတ်ဟောင်းသီချင်းပေါင်းချုပ်၊ ပထမကြိမ်၊ ကန်တော်ကလေးပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၇ဝ ခုနှစ်၊ နှာ-၂၄။


သုံးရောင်ခြယ်

(ရွှေတိုင်ညွန့်-ရေးသည်)

သီဆိုသူ – မကြည်အောင်

တို့ဗမာ ခေတ်အစဉ်မညိုးပြီ၊ ရှစ်ပလ္လင်စိုးခဲ့ပါတဲ့ ဓမ္မရာဇ်ဘုရင်ရိုး ကုန်းဘောင်နွယ်မှန်သည်၊ သုံးရောင်ခြယ်အလံတော်ကြီး ကမ္ပည်းနဲ့စိုက်ထူမည်။

(ဗုဒ္ဓမြန်မာပြည်၊ ဥတ္တမစာဂီ၊ အောင်မင်္ဂလာတရားနဲ့စုံညီ)၊ (အတိတ်တဘောင် ဩဘာထွန်းသည်၊ နိမိတ်ဆောင်ကာ ပြောရဦးမည်၊ အတိတ်တဘောင် ဩဘာထွန်းသည်၊ ကျွန်းလက်ျာဇမ္ဗူဒီ)၊ (တို့အမျိုးဇာတိက ဘုန်းရှိခဲ့တာယုံကြည်၊ တက်လူများ ဒီစိတ်ထားနဲ့ စွန့်စားခဲ့ကြသည်)၊ (ဗမာပြည်ဝယ် ဘုန်းရောင်လက် သည်၊ သာကီနွယ် ကုန်းဘောင်ဆက်သည်)၊ ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့ကြပြီ၊ ခေတ်သစ်ထူထောင်မည်၊ အရောင်သုံးမျိုးနဲ့ တို့အလံ စိုက်ထူမည်။

ဗမာကိန်းအညီ၊ အဝါအစိမ်းအနီ၊ အဝါရောင် ရည်ရွယ်ချက်က သာသနာရယ် ဘာသာရယ် ပညာရယ် တိုးလိမ့်မည်၊ အစိမ်းရောင်ဆိုတာကတော့ စပါးဆန်ရေ ရွှေငွေရတနာ အထွေထွေပေါလိမ့်မည်၊ (အနီရောင် မြင်သူအသဲမှာ ရဲစိတ်ရဲမာန် ထက်သန်ကြမည်)၊ တို့ဗမာ ကုန်းဘောင်နွယ် မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကမ္ပည်းနဲ့ စိုက်ထူမည်။

([တို့မြန်မာပြည်]၊ အနောက်ဖက်မှာတော့ ဗုဒ္ဓဟေနန်းတည်၊ အရှေ့ဘက်ကတော့ ပြုဗ္ဗေရှမ်းပြည်၊ မြောက်ဖက်ကတော့ တရုတ်မြေစခန်းတည်၊ တောင်ဘက်ကတော့ သမုဒ်ရေစမ်း အေးချမ်းသာယာစည်)၊ (မြန်မာပြည်ရာဇာကင်းပေမယ့် သာသနာအဆင်းကတော့ လင်းပေသည်)၊ မင်းနေပြည် တရားအမှန်ကြိုက်သည်၊ ကမ္ဘာအလံစိုက်ပြီ၊ တိုက်တသောင်းက ခညောင်းရစေမည်၊ တို့အလံသည် အရောင်သုံးမျိုး တန်ခိုးနဲ့စုံညီ။

(မျိုးဇာနည် သမ္ဘာမညိုး နိုးကြားလာကြပြီ၊ တို့ဗမာပြည် ဆထမ်းပိုး တန်ခိုးသာလိမ့်မည်၊ ရိုးရာအညီ၊ ကမ္ဘာအတွင်း ထွန်းလင်းကြလိမ့်မည်)၊ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက်ကြသည်၊ ဗုဒ္ဓဘာသာများ သဒ္ဓါပွား တရားနဲ့ညီ၊ (တို့ဗမာမင်းတွေ ထင်လင်းပေတော့သည်)၊ ရေမြေနှစ်လီပိုင်အုပ်စိုး ဖြိုးမောက်ခဲ့ပြီ။

ဗမာကိန်းအညီ…………………စိုက်ထူမည်။

ကျမ်းညွှန်း။ ။သန်းလှိုင်(စုဆောင်းစီစဉ်သည်)၊ ခေတ်ဟောင်းသီချင်းပေါင်းချုပ်၊ ပထမကြိမ်၊ ကန်တော်ကလေးပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၇ဝ ခုနှစ်၊ နှာ-၃၄-၃၅။

အယူတော်မင်္ဂလာ

သီဆိုသူ-ခင်မောင်ရင်

ရေးသားသူ-မြို့မငြိမ်း

ခြေဆင်း။ ။အမရပူရပြည်သခင်၊ ဘုရင်မင်းတရားဘိုးတော်ဘုရားရဲ့ ရွှေလက်ထက်တော်အခါမှာသာ၊ (အယူတော်မင်္ဂလာ)၊ ရှိစဉ်အခါက ပြောဆိုခဲ့တာ၊ သူမရှိတဲ့ နောင်သောအခါ၊ ခလေး သဘင်သည် သူရူးတို့ သုံးဦးစကားကို နာယူမှတ်သားပါ၊ အတိတ်ကောက်တတ်ရင် မမှားဘူးလို့ ကျွန်တော်ခင်မောင်ရင် ကြားဖူးပါတယ် ခင်ဗျာ၊ (အောင်စေ တောင်သပြေဒီပါ ဩဘာထွန်းတဲ့လက်ျာကျွန်းမြတ်မှာ)၊ တက်သစ်စနေဝန်းလို တောက်ထွန်းကာ သာယာ၊ ကျက်သရေစုံစွာ၊ ကျွန်တော်ပြောတဲ့စကား မှတ်ကြပါ၊ အမှန်ပင် ဘုန်းသမ္ဘာတိုးလို့ ဘာသာရယ် တို့သာသနာရယ် တို့ဗမာအပေါင်း ကောင်းစားကြတော့မှာ။

သံပြိုင်။ ။အယူတော်မင်္ဂလာ၊ ဇမ္ဗူပေါ်တခွင်မှာ၊ ပညာရှင်ဆိုစကား ထူးထူးခြားခြား လွန်မှတ်သားစရာ၊ သဘင်သည် သူရူးနဲ့ ခလေးများ ပြောတာ၊ လွန်မှတ်သားစရာ၊ ခင်မောင်ရင် ဆိုသီချင်းနဲ့ ဘေးရန်ကင်းကာ မဆင်းရဲဘူးမှတ်ပါ။

(ရတနာမိုး သွန်းဖြိုးကာ အမှန်ပင်ရွာ၊ ရွှေရတနာ ငွေရတနာ သေချာစွာ ပေါမှာ)၊ အောင်ခြင်းမင်္ဂလာ ကျက်သရေတိုးလို့ မြတ်သောဂုဏ်ရည်ပါ၊ စုံညီစွာ ယုံကြည်ပါ၊ ဘုံသီဟာနန်းမှာ သော်တာစန်းရောင် ထိန်ဝေဖြာ၊ စိန်ပဒေသာပေါက်ကာ၊ ဘယာဝေးလို့ သူဌေးဖြစ်ကြတော့မှာ။

သံပြိုင်။ ။အယူတော်မင်္ဂလာ………………………မဆင်းရဲဘူး မှတ်ပါ။

ကျမ်းညွှန်း။ ။သန်းလှိုင်(စုဆောင်းစီစဉ်သည်)၊ ခေတ်ဟောင်းသီချင်းပေါင်းချုပ်၊ ပထမကြိမ်၊ ကန်တော်ကလေးပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၇ဝ ခုနှစ်၊ နှာ-၁၁၁-၁၂။


Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.