ပဋိညာဉ်

ပဋ္ဌာန်းစာစပ်နည်းနှင့်ပဋ္ဌာန်းပစ္စည်း, ပစ္စယုပ္ပန်ထုတ်နည်းတို့သည် သဘောအားဖြင့် ဆက်စပ်လျက်ရှိကြ၏။ ထို့ကြောင့် ရှေးဦးစွာ ကတ္တားကံစသောပုဒ်တို့ကို ပဋ္ဌာန်းနည်းအားဖြင့် စာစပ်ပြီးလျှင် ထိုစပ်အပ်ပြီးသောပုဒ်တို့ကိုပင် ထိုက်သည့်အလျောက် ပစ္စည်း, ပစ္စယုပ္ပန်ခွဲ၍ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကိုလည်း တဆက်တည်း ထုတ်ပြအံ့။

အမှာ

ပဋ္ဌာန်းနည်းအားဖြင့် စာစပ်ခြင်းသည် ကာရကပုဒ်တို့နှင့်စပ်ခြင်း, အကာရကပုဒ်တို့နှင့်စပ်ခြင်းအားဖြင့် ၂ မျိုးပြား၏၊ ထိုတွင် ကာရကပုဒ်တို့နှင့်စပ်ခြင်းသည်

၁။ ကတ္တားပုဒ်နှင့်ကြိယာစပ်ခြင်း,

၂။ ကံပုဒ်နှင့်ကြိယာစပ်ခြင်း,

၃။ ကရိုဏ်းစသောကြွင်းသော ၄ ပါးသောပုဒ်တို့နှင့်ကြိယာစပ်ခြင်း

အားဖြင့် ၃ မျိုး၊ ထိုတွင်-

၁။ ကတ္တားပုဒ်နှင့်ကြိယာစပ်ခြင်းသည်-

(က) သက်ရှိကတ္တားပုဒ်နှင့်ကြိယာစပ်ခြင်း,

(ခ) သက်မဲ့ကတ္တားပုဒ်နှင့်ကြိယာစပ်ခြင်း-

အားဖြင့် ၂ မျိုး၊ ထိုတွင်-

(က) သက်ရှိကတ္တားပုဒ်နှင့်ကြိယာစပ်သောအခါ- သဟဇာတ, ပုရေဇာတ, အနန္တရ, ပကတူပနိဿယပစ္စည်းပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်ရသည်။

(ခ) သက်မဲ့ကတ္တားပုဒ်နှင့်ကြိယာစပ်သောအခါ- ဂုဏီ-ဂုဏ, သတ္တိ မန္တ-သတ္တိ, ဥပ္ပါဒ ဝန္တ-ဥပ္ပါဒအဖြစ်ဖြင့် စပ်ရသည်။

၂။ ကံပုဒ်နှင့်ကြိယာစပ်သောအခါ- အာရမ္မဏပစ္စည်း, ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်ရသည်။

၃။ ကရိုဏ်းစသောကြွင်းသော ၄ ပါးသောပုဒ်တို့နှင့်ကြိယာစပ်သောအခါ- များသောအားဖြင့် ပကတူပနိဿယပစ္စည်း, ပစ္စုယုပ္ပန်အဖြစ်ဖြင့် စပ်ရသည်။

အကာရကဖြစ်သော အာလုပ်, ဝိသေသန, ကြိယာဝိသေသန, ဟိတ်, လက္ခဏ, နိဒ္ဓါရဏပုဒ်တို့ကို စပ်သင့်ရာပုဒ်တို့နှင့်စပ်သောအခါ ဂုဏီ-ဂုဏ, သတ္တိ မန္တ-သတ္တိ, နိဿယ-နိဿိတအဖြစ်ဖြင့် စပ်ရသည်။

မှတ်ချက်။ ။ကရိုဏ်းနှင့်ကြိယာပုဒ်များ စပ်သောအခါ အဇ္ဈတ္တိကကရိုဏ်းဖြစ်လျှင် သက်ရှိကတ္တားကဲ့သို့ သဟဇာတ, ပုရေဇာတ, အနန္တရ, ပကတူပနိဿယပစ္စည်း, ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်၊ သမ္ပဒါန်နှင့်ကြိယာပုဒ်များ စပ်သောအခါ၌လည်း “နမော တဿ ဘဂဝတော”ကဲ့သို့အာရုံ, အာရမ္မဏိက ဖြစ်ထိုက်သောအရာ၌ ကံကဲ့သို့ အာရမ္မဏပစ္စည်း, ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်ရသည်-ဟုသိ။

ဆောင်… 

၁။ သဟ-ပုရ၊ နန္တရ၊ စပ်ရကတ္တားမှာ။

၂။ ပကတူလည်း၊ နည်းတူတည်း၊ စပ်နည်းရှိသည်သာ။

၃။ ကံမှာမူကား၊ အာရုံထား၊ စပ်ငြားလေသည်သာ။

၄။ ကြွင်းလေးဝမူ၊ ပကတူ၊ စပ်ယူယေဘုယျာ။

၅။ အကာရက၊ စပ်လိုကြ၊ ပကတူပသာ။

သက်ရှိကတ္တားစပ်ပုံ

ပုရိသော မဂ္ဂံ ဂစ္ဆတိ-ပုံစံ၌ ပုရိသောကား-သည်ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆတိ-၌ သဟဇာတ, ပုရေဇာတ, အနန္တရ, ဥပနိဿယပစ္စည်း၊ ဂစ္ဆတိကား- ၎င်းပစ္စည်းတို့၏ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်အပ်၏၊ ထိုတွင်-

၁။ သဟဇာတမျိုးစပ်ခိုက် ပုရိသောအရ ခန္ဓာ ၅ ပါးပစ္စည်းတရား ရ၏၊ ဂစ္ဆတိအရ ခန္ဓာ ၅ ပါးပစ္စယုပ္ပန်တရားပင် ရ၏၊ ပုရိသောအရ ခန္ဓာ ၅ ပါးပစ္စည်းတရားသည် ဂစ္ဆတိအရ ခန္ဓာ ၅ ပါးပစ္စယုပ္ပန်တရားအား ဟေတု, အဓိပတိစသော သဟဇာတမျိုး ၁၅ ပစ္စည်းတို့၏ပစ္စယသတ္တိဖြင့် ထိုက်သည့်အလျောက် ကျေးဇူးပြု၏။

၂။ ပုရေဇာတမျိုးစပ်ခိုက် ပုရိသောအရ ဝုဋ္ဌော, မနောဒွါရာဝဇ္ဇန်းအစရှိသော ရှေးရှေးသောစိတ်နှင့်အတူ ဥပါဒ်သောဟဒယဝတ္ထုပစ္စည်းတရား ရ၏၊ ဂစ္ဆတိအရ ဝီရိယစသည် ပြဓာန်းသောစိတ္တုပ္ပါဒ် ရ၏၊ ထိုဟဒယဝတ္ထုပစ္စည်းတရားသည် ဝီရိယစသည် ပြဓာန်းသော စိတ္တုပ္ပါဒ်အား ဝတ္ထုမျိုး ၆ ပစ္စည်းတို့တွင် ဝတ္ထုပုရေဇာတိန္ဒြိယကြဉ် ကြွင်းသောဝတ္ထုပုရေဇာတနိဿယစသော ၅-ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။

၃။ အနန္တရမျိုးစပ်ခိုက် ပုရိသောအရ ရှေးရှေးသော နာမက္ခန္ဓာပစ္စည်းတရား  ရ၏၊ ဂစ္ဆတိအရ နောက်နောက်သော နာမက္ခန္ဓာပစ္စယုပ္ပန်တရား ရ၏၊ ထိုနာမက္ခန္ဓာပစ္စည်းတရားသည် နာမက္ခန္ဓာပစ္စယုပ္ပန်တရားအား အနန္တရမျိုး ၇ ပစ္စည်းတို့၏ပစ္စယသတ္တိဖြင့် ထိုက်သည့်အလျောက် ကျေးဇူးပြု၏။

၄။ ပကတူပမျိုးစပ်ခိုက် ပုရိသောအရ ယောက်ျားတည်းဟူသော ပုဂ္ဂိုလ်ပစ္စည်းတရားရ၏၊ ဂစ္ဆတိအရ ဝီရိယစသည် ပြဓာန်းသောစိတ္တုပ္ပါဒ်ရ၏၊ ထိုပစ္စည်းတရားသည် ထိုပစ္စယုပ္ပန်တရားအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

သက်မဲ့ကတ္တားစပ်ပုံ

ဝိမာနံ ဥပ္ပဇ္ဇတိ ပုံစံ၌ ဝိမာနံကား-သည်ဟူ၍ အနက်ပေးသောကြောင့် ဥပ္ပဇ္ဇတိ၌ ဂုဏီ, သတ္တိမန္တ, ဥပ္ပါဒဝန္တ၊ ဥပ္ပဇ္ဇတိကား ဂုဏ, သတ္တိ, ဥပ္ပါဒအဖြစ်ဖြင့် စပ်။

ကံစပ်ပုံ

ပုရိသော ဩဒနံ ပစတိ-၌ ဩဒနံကား-ကို ဟူ၍အနက်ပေးသောကြောင့် ပစတိ၌ အကြောင်း အာရမ္မဏပစ္စည်း၊ ပစတိကား အကျိုးအာရမဏိက ပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်၊ …ဤ၌ ဩဒနံအရ ပစ္စုပ္ပန်အဋ္ဌကလာပ်ရုပ် ၈ ပါး ပစ္စည်းတရားရ၏၊ ပစတိအရ ဝီရိယစသည် ပြဓာန်းသောစိတ္တုပ္ပါဒ် ပစ္စယုပ္ပန်တရားရ၏၊ ထိုပစ္စည်းတရားက ထိုပစ္စယုပ္ပန်တရားအား အာရမ္မဏ, ပုရေဇာတ, အတ္ထိ, အဝိဂတ ၄-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ကရိုဏ်းစပ်ပုံ

ဒတ္တေန ဝိဟိံ လုနာတိ-၌ ဒတ္တေနကား ဖြင့် ဟူ၍အနက်ပေးသောကြောင့် လုနာတိ၌ ပကတူပနိဿယပစ္စည်း၊ လုနာတိကား ပကတူပနိဿယပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်၊ …ဤ၌ ဒတ္တေနအရ- အဋ္ဌကလာပ်ရုပ် ၈ ပါးပစ္စည်းတရား ရ၏၊ လုနာတိအရ- ဝီရိယစသည် ပြဓာန်းသောစိတ္တုပ္ပါဒ် ပစ္စယုပ္ပန်တရား ရ၏၊ ထိုပစ္စည်းတရားက ထိုပစ္စယုပ္ပန်တရားအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

သမ္ပဒါန်စပ်ပုံ

ဘိက္ခုဿ စီဝရံ ဒဒါတိ-၌ ဘိက္ခုဿကား အား ဟူ၍ အနက်ပေးသောကြောင့် ဒဒါတိ၌ ပကတူပနိဿယပစ္စည်း၊ ဒဒါတိကား ပကတူပနိဿယပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်၊ …ဘိက္ခုဿအရ ရဟန်း တည်းဟူသောပုဂ္ဂိုလ်ပစ္စည်းတရား ရ၏၊ ဒဒါတိအရ- သဒ္ဓါ, မေတ္တာစသည် ပြဓာန်းသောစေတနာ ရ၏၊ ထိုပစ္စည်းတရားက- ထိုပစ္စယုပ္ပန်တရားအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

အပါဒါန်စပ်ပုံ

ဂါမာ အပေန္တိ မုနယော-၌ ဂါမာကား- မှဟူ၍ အနက်ပေးသောကြောင့် အပေန္တိ၌ ပကတူပနိဿယပစ္စည်း၊ အပေန္တိကား- ၎င်းပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်၊ …ဂါမာအရ- အဋ္ဌကလာပ်ရုပ် ၈ ပါးပစ္စည်းတရား ရ၏၊ အပေန္တိအရကား- ဝီရိယစသည် ပြဓာန်းသော စိတ္တုပ္ပါဒ်ပစ္စယုပ္ပန်တရား ရ၏၊ ထိုပစ္စည်းတရားက ထိုပစ္စယုပ္ပန်တရားအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

ဩကာသစပ်ပုံ

ဘူမီသု မနုဿာ စရန္တိ-၌ ဘူမီသုကား- တို့၌ဟူ၍ အနက်ပေးသောကြောင့် စရန္တိ၌ ပကတူပနိဿယပစ္စည်း၊ စရန္တိကား- ၎င်းပစ္စယုပ္ပန်အဖြစ်ဖြင့် စပ်၊ …ဘူမီသုအရ- အဋ္ဌကလာပ်ရုပ် ၈ ပါးပစ္စည်းတရား ရ၏၊ စရန္တိအရ- ဝီရိယစသည် ပြဓာန်းသောစိတ္တုပ္ပါဒ်ပစ္စယုပ္ပန်တရား ရ၏၊ ထိုပစ္စည်းတရားက ထိုပစ္စယုပ္ပန်တရားအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

အမှာ

အကာရကဖြစ်သော အာလုပ်စသောပုဒ်တို့ကို စပ်သောအခါ၌လည်း ဂုဏ်, ဂုဏေ စသည်ဖြင့် ဆို၍ ပကတူပနိဿယသတ္တိဖြင့်ပင် စပ်လေ။

ပဋ္ဌာန်းစာစပ်နည်းနှင့်ပစ္စည်း, ပစ္စယုပ္ပန်ထုတ်နည်း ပြီး၏။

ကျမ်းညွှန်း

ညောင်လေးပင်တောရဆရာတော်ဦးအာဠာရထေရ်၊ ဝါကျတ္ထမေဒိနီကျမ်း၊ အမှတ်-၂၂၉၊ ၃၈-လမ်း၊ မြန်မာပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၂၉၆-ခု၊ နှာ-၁၉၄-၁၉၉။