ခန္ဓာ ၅ ပါး၊ ရုပ်နာမ်တရားတို့တွင် ရုပ်ကို တိုက်ရမည်လော၊ နာမ်ကို တိုက်ရမည်လောဟူသော အမေး၌ အဖြေကား။ ။

ရုပ်သက်သက်၌ဖြစ်သော ရောဂါဝေဒနာ၊ နာမ်သက်သက်၌ဖြစ်သော ရောဂါဝေဒနာ၊ ရုပ်နာမ် ၂ ပါး ရောယှက်၍ဖြစ်သော ရောဂါဝေဒနာ။ ဤ ၃ ပါးတို့တွင် အာသဝေါကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်အား ကမ္မဇ ဥတုဇ အာဟာရဇ ရောဂါ ၃ မျိုး ၃ ပါးသာဖြစ်၍ စိတ္တဇရောဂါမဖြစ်လာသောကြောင့် ရုပ်သက်သက်၌ ဖြစ်သောရောဂါမျိုးဖြစ်ရကား နာမ်တရားကို ဆေးတိုက်ကုသဖွယ် မရှိ။ ။

ပုထုဇဉ်အန္ဓ၊ ဝိပ္ပလ္လာသမကင်း၊ စွဲလမ်းခြင်းအားကြီး၊ ရာဂါဒိမီးတောက်၊ ရောက်တတ်ရာရာဖြစ်၊ စိတ်ညစ်တာတေဗလဗွေမှောင့်၊ အကုသိုလ်ငြောင့်အလှေးတို့ကို၊ တရားဆေးရည်တိုက်ပေး၍၊ တဖြည်းဖြည်းဖြောင့်ရမည်။ 

ပဉ္စဝေါကာရ၊ ဗာတ္တိံသကောဋ္ဌာ၊ မဟာဘုတ်စတုဇ၊ အဋ္ဌာဝီသရုပ်၊ ဖြစ်ချုပ်မပြတ်၊ ရုပ်ကလာပ်စု၊ ဆနဝုရောဂါ၊ ဖြစ်ပေါ်လာညှဉ်းပန်း၊ ကိုယ်စိတ်မချမ်း၊ ဥပါဒ်ပြွမ်း၍၊ ဗရမ်းဗတာ၊ ဖြစ်ကြရာဝယ်၊ တနွယ်ငင်တစ်စင်ပါ၊ အဝိနာဘာဝ၊ နာနန္တရိက၊ ကာယစိတ်စေ၊ ရောယှက်ကာနေသောကြောင့်၊ နှစ်ထွေသောရုပ်နာမ်ကို၊ ချမ်းသာရန်အကျိုးငှာ၊ သပ္ပါယဆေးမျိုးကို၊ ဉာဏ်ပညာထွင်းထိုးလျက်၊ အားကြိုး၍တိုက်ပေးကုသလေတော့။ ။

တတိယပုစ္ဆာ၏ဝိဿဇ္ဇနာကား ပြီး၏။

ကျမ်းညွှန်း

သံတော်ဆင့်ဆရာတော်အရှင်ကုမာရ၊ တိပိဋကသာရဂမ္ဘီရတ္ထဝိနိစ္ဆယ၊ အမှတ် ၅၃၊ နတ်မောက်လမ်းသွယ်၊ ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့