သံ၊ ၂၊ ၁ဝ၈-၁၁ဝ။ သံ၊ မြန်၊ ၂၊ ၁ဝ၁-၃။ သံ၊ ဋ္ဌ၊ ၂၊ ၂၉၁-၂။ သံ၊ ဋီ၊ ၂၊ ၂၄၈။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၉)၄-ထေရဝဂ္ဂ၊ အဋ္ဌမသုတ်။

အရှင်ဆန္နမထေရ်၏တရားဟောဆုံးမ ကံမြစ်ရန် လျှောက်ထားချက်အရ ကာသိနိုင်ငံ ဗာရာဏသီမြို့တော်၏အနီး ဣသိပတနမိဂဒါဝုန်တော၌ အရှင်ဆန္နမထေရ်အား မထေရ်ကြီးများက အနိစ္စသဘာဝ အနတ္တသဘာဝရှိသော ခန္ဓာ ၅ ပါးတရားတော်ကို ဟောတော်မူကြပုံ၊ ဝံသနိုင်ငံ ကောသမ္ဘီမြို့တော်သို့ သွား၍ လျှောက်ထားသဖြင့် အရှင်အာနန္ဒာမထေရ်က ကစ္စာနသုတ္တ(သံ၊ ၁၊ ၂၅၇)ဒေသနာတော်ကို ဟောတော်မူပုံ အရှင်ဆန္နမထေရ် တရားသိမြင်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ အရှင်ဆန္နမထေရ်အကြောင်းနှင့်ဋီကာ၌လည်း သိမှတ်ဖွယ်ရာ ဖွင့်ဆိုထားပါသည်။

သံ၊ ၂၊ ၂၈၁-၄။ သံ၊ မြန်၊ ၂၊ ၂၇၄-၇။ သံ၊ ဋ္ဌ၊ ၃၊ ၁၈-၁၉။ သံ၊ ဋီ၊ ၂၊ ၂၉၅-၇။

သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ စတုတ္ထသုတ်။

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဂိဇ္စျကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးနေသော အရှင်သာရိပုတ္တရာနှင့်အရှင်မဟာစုန္ဒမထေရ်တို့က ဂိလာနဖြစ်(မရဏန္တိက​ဒုက္ခဝေဒနာ ပြင်းထန်စွာ)နေရသော အရှင်ဆန္န​မထေရ်အား အာယတန ၆ ပါး၊ ဝိညာဏ် ၆ ပါး၊ ဝိညာတဗ္ဗဓမ္မတို့၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲယူပါသေးသလောဟု မေးလျှောက်ကြရာ အရှင်ဆန္နမထေရ်က မယူပါကြောင်းနှင့်မယူခြင်း၏အကြောင်းတို့ကို လျှောက်ထားသည့်သုတ်။

ဤသုတ်၌ အရှင်ဆန္နမထေရ်က ဝေဒနာပြင်းထန်စွာ ခံစားနေခြင်းနှင့်ဆက်စပ်နေသော ဥပမာ ၂ မျိုးတို့ဖြင့် ပြန်လည်လျှောက်ထားပုံ၊ ဓားဖြင့် လည်ပင်းကို လှီးဖြတ်တော့မည်ဟုလျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာ​မထေရ်က တားမြစ်ခဲ့ပုံ၊ အရှင်ဆန္နမထေရ်၏ဂတိကို မေးလျှောက်သဖြင့် ဘုရားရှင်က အရှင်ဆန္နမထေရ် ပရိနိဗ္ဗာန်ပြုသွားပုံကို မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွားဖက်တော်ဆန္နမထေရ်နှင့်အမည်တူ ဆန္နဖြစ်ကြောင်းနှင့်သိမှတ်ဖွယ်ရာများကို ဖွင့်ဆိုထားပါသည်။ ဋီကာ၌လည်း ဖွင့်ဆိုထားပါသည်။

အံ၊ ၁၊ ၂၁၆-၈။ အံ၊ မြန်၊ ၁၊ ၂၃၃-၅။ အံ၊ ဋ္ဌ၊ ၂၊ ၂ဝဝ-၁။ အံ၊ ဋီ၊ ၂၊ ၁၈ဝ။

အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၈)၃-အာနန္ဒဝဂ္ဂ၊ ပဌမသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန္နပရိဗိုဇ်က မေးလျှောက်သဖြင့် ရာဂ ဒေါသ မောဟ လွှမ်းမိုးမှုကို ခံနေရသူနှင့်ယင်းတရားတို့ကို ပယ်နိုင်သူ ပယ်ပြီးသူတို့ ရရှိခံစားနိုင်သည့်အကျိုး၊ ယင်းတရားတို့၏သဘာဝ၊ ယင်းတရားတို့ကို ပယ်ဖျောက်ဖျက်ဆီးနိုင်သည့်မဂ္ဂနှင့်ပဋိပဒါတို့ကို တစ်ပါးစီ တစ်ပါးစီ ဆန္နပရိဗိုဇ်အား အရှင်အာနန္ဒာ ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ပညာနိရောဓိကောပုဒ်၌ ပညာ ၃ မျိုးနှင့်တကွ သိမှတ်ဖွယ်အကြောင်းအရာတို့ကို ဖွင့်ဆိုထားပါသည်။ ဋီကာ၌လည်း သိမှတ်ဖွယ်ရာများကို ဖွင့်ဆိုထားပါသည်။

ကျမ်းညွှန်း

အရှင်ကုမာရထေရ် (မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ကြီး)၊ တိပိဋကသုတ္တသူစိကျမ်း(ဒု-တွဲ)၊ ပထမအကြိမ်၊ ၂ဝ၁၂၊ နိုဝင်ဘာလ၊ ယုံကြည်ချက်စာပေတိုက်၊ ၁၁၁၊ ၃၃-လမ်း၊ ရန်ကုန်မြို့၊ နှာ-၆၈-၉။